မျက်ရည်သွန်လို့ဘ၀င်ညှိုး ဂျူလိုင်တစ်ဆယ့်ကိုး

“ထားရာမှာနေ စေရာသွား၊ နွားနဲ့ မခြားပေ။ နွံနစ်တဲ့ ကျွန်အဖြစ်မှလေ လွတ်မြောက်ရာလမ်း. ..မှန်းဆသူရှာဖွေ။ ကိုအောင်ဆန်း၊ ဦးအောင်ဆန်း၊ အောင်ဆန်းတဲ့ဟေ့။ ပွင့်လန်းလာခဲ့ နာမည်ပေ”

ငယ်စဉ်ဘ၀က ခုလို ဇူလိုင်လရောက်ပြီဆိုလျှင် ဗိုလ် ချုပ်ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့အသံက ထုတ် လွှင့်သည့် တေးသံများကြားတိုင်း အသစ် အသစ် ပြန်ဖြစ်ရလေ၏။ ဗိုလ်ချုပ်၏ မိန့်ခွန်းသံတွေ ကြား တိုင်းလည်း ဇာတိသွေး၊ ဇာတိမာန်တို့ ပြန်လည် တက်ကြွလာပေသည်။

“မြန်မာ့လွတ်လပ်ရေးအတွက်

တပ်မတော်ဖွဲ့လို့ ဂျပန်ပြည်မှာကွယ်။

တကယ်ပဲ အသက်နှင့်လဲလို့

ဆင်းရဲဒုက်္ခခံကာ ကြံစည်တယ်။

သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်”...

စတဲ့ သီချင်းမျိုးကို ရေဒီယိုကတစ်မျိုး၊ ရပ်ကွက် ထဲမှာ လော်စပီကာနှင့်တစ်ဖုံကြားရလျှင် လူကြီးတွေ က လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းလို သတိ္တမျိုး ရှိကြဖို့၊ မွေးကြဖို့ တိုက်တွန်းတတ်ကြလေသည်။

“ငါတို့မြန်မာပြည်ဝယ်၊  မိဘတိုင်းကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်။ ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်။ ဗမာတိုင်း၊ ဗမာမျိုး အားကိုးလောက်ပေတဲ့၊ မကြောက်တမ်း၊ မရွံ့တမ်း၊ ဗမာတွေအောင်ပန်း ဆွတ်ခဲ့ပါပြီကွယ်”။

ဤစာသားကား အလွန်ပင် လေးနက်လှပေ သည်။ မြန်မာတစ်မျိုးသားလုံးသာမက ရန်သူတော် နယ်ချဲ့ အင်္ဂလိပ်နှင့် ဂျပန်တို့ကပါ အံ့သြချီးမွမ်းခြင်း ခံရသည့် ဗိုလ်ချုပ်လိုလူမျိုးသည် နှစ်ပေါင်းတစ်ရာမှာ တစ်ယောက်ပေါ်ထွန်းရန်ပင် ခက်ခဲသော လူမျိုး ဖြစ်လေသည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ်ကို မွေးဖွား ပေးခဲ့သည့် မိခင်ဒေါ်စု၏ ၀မ်းဗိုက်ကို ထိုင်ရှိခိုးသည့် အဖြစ်မျိုး ဖြစ်ခဲ့ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကျဆုံး ခဲ့သည်မှာ ယခုဆိုလျှင် နှစ်၇၀ပြည့်ရှိပြီဖြစ်သည်။ သို့သော် ဗိုလ်ချုပ်နှင့် ပတ်သက်ပြီး ယနေ့အချိန်ထိ ပြော၍မကုန်၊ ရေး၍ မကုန်ကြောင်း သူနှင့်ပတ်သက်သည့် စာပေတွေကို များများဖတ်မိမှ သိရှိရလေသည်။ တကယ်တော့ ဗိုလ်ချုပ်၏ဘ၀သည် သနားစရာကောင်းသလို သူ၏ ရိုးသားမှုတွေကြောင့် ချီးကျူးစရာပင် ကောင်းလေ တော့သည်။ ဗိုလ်ချုပ်စကားပြောတာ ဘယ်လိုပင် ဘုကျကျ၊ ခပ်ပြတ်ပြတ်ပင် ပြောပြော နောက်ဆုံး တော့ သူ့ကိုစွဲလမ်းချစ်ခင်သွားရသူတွေ တိုင်းပြည်နှင့် အ၀န်းရှိခဲ့သလို ရန်သူတော် လူမျိုးခြားများကပင် မချီးကျူးဘဲ မနေနိုင်ဖြစ်ခဲ့ရလေသည်။

မြန်မာပြည်သို့ လာရောက်ခဲ့သည့် ဂျပန်စစ် သေနာပတိ ဗိုလ်ချုပ်အီဒါက “အောင်ဆန်းသည် ငွေ လည်းမမက်၊အာဏာလည်းမမက်၊ တစ်ကိုယ်ကောင်း လည်း မကြံ၊ ဒါကြောင့် ကျုပ်တို့ဂျပန်တွေက သူ့ကို လေးစားတယ်”ဟုဝန်ခံခဲ့ဖူးသည်။ ဆာစတက်ဖို့ကရစ် ကလည်း “ချစ်စရာကောင်းတဲ့ အောင်ဆန်း” ဟု ရေရွတ်ဖူးသည်။ ဖီးမာရှယ်ဆလင်းက “ကျွန်ုပ်သည် အောင်ဆန်းကိုလေး စားမိသည်။ သူသည်ကိုယ်ကျိုး ရှာ တာဝန်မဲ့ ပြောက်ကျားခေါင်းဆောင်မဟုတ်ပေ။ သူသည် မျိုးချစ်ပုဂိ္ဂုလ်အစစ်ဖြစ်၍ စိတ်ကူးယဉ် သမားမဟုတ် လက်တွေ့သမားဖြစ်သည်။ သူသည် အလွန်ရိုးသားသည်။ပေးခဲ့သောကတိအတိုင်းလည်း တည်သည်။ ကျွန်ုပ်သည် အောင်ဆန်းနှင့်အလုပ် လုပ်၍ ဖြစ်သည်”ဟူ၍ ရေးသားခဲ့ဖူးသည်။ ဟိုက် တင်ဂါက “အောင်ဆန်းအပေါ်၌ ထားရှိသော မြန်မာ ထု၏ ကြည်ညိုမှုသည် ကိုးကွယ်မှုဆန်ပေသည်”ဟု ရေးခဲ့လေသည်။

ဗိုလ်ချုပ်၏ မိန့်ခွန်းများနှင့်ပတ်သက်ပြီး ကြမ်း လွန်းသည်ဟု တချို့ကထင်ကြသည်။ ဗိုလ်ချုပ်က တော့ “အဲဒီလိုကြမ်းကြမ်းပြောမှ မှတ်မိမှာ”ဟု ပြော သည်။ သူ့မိန့်ခွန်းတွေပြန်နားထောင်ကြည့်ပါက အပိုအလိုမပါဘဲ ပြောသည်ကိုတွေ့ရပေသည်။ ဗိုလ်ချုပ်သည် လူကသာစစ်သား ဖြစ်သော်လည်း သူနာပြုဆရာမဒေါ်ခင်ကြည်နှင့် တွေ့သောအခါ ကလေးဆိုးကြီးကဲ့သို့ ဖြစ်သွားတတ်သည်။ ဂျပန် ခေတ် ဆေးရုံတက်စဉ်က သူများဆေးလာတိုက် လျှင် မသောက်၊ သူ့ကိုကျွေးမွေးသည့် အခါမှာလည်း ဒေါ်ခင်ကြည်အနားမှာရှိမှ ဖြစ်သည်။ အိမ်ထောင် ကျတော့ပဲပြုတ်နဲ့ နံပြားရရင်စားချင်ကြောင်း ဇနီးသည်ကို စာရေးပြီးမှာသည်ကို ထောက်လျှင် သူ၏ ရိုးသားအားနာမှုကို တွေ့ရပေသည်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

နောင်တင်စိုး