ထီလက်မှတ်ဝယ်ယူခွင့် လျှောက်တုန်းကမရလို့ တစ်ဆင်ခံဝယ်ယူပြီး တစ်စောင် ၆၀၀ နဲ့ ရောင်းချရတာပါ

Author: 
မျိုးမြတ် (မြစ်မခ)

ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင် ဘာလေ သိန်းစုဌာနခွဲမှ မတ် ၁ ရက် တွင် စတင်ရောင်းချနေသည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကို ပဲခူး မြို့၊ ထီဆိုင်ကြီးတချို့နှင့် လက်တွန်း ထီဆိုင်ငယ်တချို့တွင် သတ်မှတ်တန်ဖိုး ထက် ပိုမိုရောင်းချနေကြကြောင်း သိရ သည်။

အဆိုပါကျပ် ၅၀၀ တန်အောင်ဘာ လေ ထီလက်မှတ်များအား ထီအရောင်း ကိုယ်စားလှယ်ကြီးများက ပိုမိုရောင်းချ ခြင်းမရှိသော်လည်း တစ်ဆင့်ခံပြန်လည် ၀ယ်ယူသည့်ထီဆိုင်များ ထီလက်မှတ် တစ်စောင်လျှင် ၆၀၀ ကျပ်၊  ၇၀၀ ကျပ် ဈေးများဖြင့် ရောင်းချနေကြောင်း သိရ သည်။

“ဘာထူးလို့လဲဗျာ။ အရင်နှစ်ရာ ကျပ်တန်ထီလိုပါပဲ။ ပြည်သူအများစုက ဈေးမြှင့်ပြီး ပြန်ဝယ်ယူနေရတာပဲ။ ပြည် တွင်း အခွန်ဦးစီးဌာနက ထီအရောင်း ကိုယ်စားလှယ်ကြီးတွေ ဘယ်သူလဲဆို တာ တရားဝင်ပြည်သူသိအောင် ဖော်ပြ ထားတာ မရှိဘူး။ နောက်ပြီး ထီရောင်း မယ့်သူတွေက အခွန်ဦးစီးဌာနမှာ ထီဝယ် ယူခွင့်လျှောက်တာ အားလုံးကို ခွင့်မပြု ပေးထားဘူး။ အဲဒီတော့ တစ်ဆင့်ခံ ပြန် ၀ယ်ရတော့ ထီဈေးနှုန်းမြှင့်တော့တာ ပေါ့။ အမှန်တော့ တစ်ဆင့်ခံ ပြန်ရောင်း မယ့်ထီဆိုင်တွေကို တရားဝင် ခွင့်မပြု သင့်ဘူး”ဟု ပဲခူးမြို့၊  ရှင်စောပု ရပ်ကွက်နေ ကိုအေးဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းငွေကျပ် ၅၀၀ တန်အောင်ဘာလေထီလျှောက် ထားသူ ၅၅၃ ဦးအနက်  ၅၁ ဦးသာ ၀ယ်ယူခွင့်ပြုထားပေးပြီး ထီလက်မှတ် ဈေးတင်ရောင်းချခြင်းများကို အောင်ဘာ လေသိန်းဆုဌာနကသာအရေးယူမှုများ ဆောင်ရွက်နိုင်ကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။အောင်ဘာလေသိန်းဆုဌာနခွဲနှင့် သက် ဆိုင်ရာထီအရောင်းကိုယ်စားလှယ်တို့ သည်ထီလက်မှတ်များအားပြန်လည် ရောင်းချရာတွင် ထီလက်မှတ်ပေါ်၌ ရိုက်နှိပ်ထားသောထီလက်မှတ်တန်ဖိုး အတိုင်းရောင်းချရန်နှင့် ရောင်းချခြင်း မပြုပါကထီအရောင်းကိုယ်စားလှယ်က ဌာနသို့ပေးသွင်းထားသည့်အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူပြီး အမည်ပျက်စာရင်းကြေညာသွားမည်ဟု ပဋိညာဉ်စာချုပ်ချုပ်ဆိုထားကြောင်း အောင်ဘာလေသိန်းဆုဌာန၏နိုင်ငံပိုင် သတင်းစာများတွင်တရားဝင်ကြေညာ ထားချက်အရ သိရသည်။

“ကျွန်မတို့က ပင်ရင်းထီဆိုင်တွေမှာ ၅၀၀ ကျပ်နဲ့ဝယ်ရပါတယ်။ တစ်ဆင့်ပြန် ရောင်းတာကတော့ ၆၀၀ ကျပ်နဲ့ပါ။ ကျွန်မတို့မှာဆိုင်ခန်းငှားရမ်းခရှိပါတယ်။ အလုပ်သမားငှားရမ်းခတွေရှိပါတယ်။ ဒါကြောင့်မို့ဈေးတင်ရောင်းရတာပါ။ တရားဝင်ထီလက်မှတ်ဝယ်ယူခွင့်လျှောက် တုန်းကမရခဲ့တဲ့အတွက် တစ်ဆင့်ဝယ်ယူ ပြီးပြန်လည်ရောင်းချပေးရတာပါ။ နှစ်ရာ ကျပ်တန်ထီထက်ငါးရာတန်ထီကို ပြည် သူတွေ စိတ်ဝင်စားဝယ်ယူတာကိုတွေ့ရ ပါတယ်”ဟု ပဲခူးမြို့ဈေးထဲရှိထီအရောင်း ဆိုင်ကြီးမှဒေါ်မြသန်းကပြောသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ သည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ရန်ကုန်၊ မန်္တလေးမြို့ပေါ်ရှိအောင်ဘာ လေသိန်းဆုဌာနခွဲများမှတစ်ဆင့်ထီလက် မှတ်များကို ဖြန့်ဝေပေးလျက်ရှိရာလက်ရှိ တွင်ထီအရောင်းကိုယ်စားလှယ်စုစုပေါင်း ၂၃၁၉ဦးအားထီစာအုပ် ၂၈၈၆၉၉၉ အုပ်ဖြန့်ဝေရောင်းချထားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာ လေသိန်းဆုဌာနခွဲ၏ထီလက်မှတ်ရောင်း ချခြင်းနှင့် ပတ်သက်၍ကြေညာချက်အရ သိရသည်။    

       မျိုးမြတ် (မြစ်မခ)

Date: 
Tuesday, March 7, 2017