ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ဘက်ကွင်းမှ လယ်သမားများ ဆည်ရေမရသဖြင့် စိုက်ပျိုးရန် အခက်အခဲဖြစ်နေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ် မြောက်ဘက်ကွင်းမှ လယ်သမားများမှာ နွေစပါးစိုက်ပျိုးရန်လိုအပ်သော ဆည်ရေ အသုံးပြုခွင့် ကန့်သတ်ခံရသဖြင့် စပါး စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်း ရင်းငြိမ်မြောက်ဘက်ကွင်းရှိ စပါးစိုက် တောင်သူများထံမှ သိရှိရသည်။

ယခင်နှစ်များတွင် တိုက်ဆည်မှ ရေကို အသုံးပြုကာ နွေစပါးဧက နှစ် သောင်းကျော် စိုက်ပျိုးခဲ့ကြပြီး ၂၀၁၇ နွေ စပါးစိုက်ပျိုးချိန်တွင် လယ်ဧက ၁၆၀၀၀ ကျော်အတွက်သာ ဆည်ရေအသုံးပြုခွင့် ပေးသဖြင့် ဆည်ရေအသုံးပြု၍ စပါး စိုက်ပျိုးခွင့်ရရန်လိုအပ်နေကြောင်း ရင်း ငြိမ်မြောက်ဘက်ကွင်းမှ လယ်သမားဖြစ် သူ ဦးထွန်းမောင်က ပြောသည်။

““ကျွန်တော်တို့ နွေစပါးစိုက်လာတာ ငါးနှစ်ကျော်ပြီ။ ဒီနှစ်မှ ကျွန်တော်တို့ ကွင်းဘက်ကို ဆည်ရေမပေးတော့ဘူး ဆိုတော့ လယ်သမားတွေ ဒုက်္ခရောက်ပြီ။ ကျွန်တော်တို့ဘက်က မိုးစပါးက အထွက် မကောင်းဘူး။ နွေစပါးကိုပဲ အားကိုးပြီး စိုက်ပျိုးစားနေရတာ။ နွေစပါးကလည်း ကတိုက်ဆည်က လွှတ်ပေးတဲ့ရေကို အား ကိုးနေရတာ။ မနှစ်ကထိ ပေါင်မြို့နယ်မှာ ဧကသုံးသောင်းလောက် နွေစပါးကို ကတိုက်ဆည်ကရေနဲ့ပဲ စိုက်ခဲ့ကြတာ။ ရာသီကုန်တဲ့အထိ ဆည်ရေလုံလောက် ခဲ့တယ်။ မနှစ်ကလည်း ကျွန်တော်တို့ ဘက်ကို ရေမရအောင်လုပ်ဖို့ကြံကြလို့ ပြဿနာတက်ခါနီး ဖြစ်ခဲ့တယ်။ ဒီနှစ် ကျတော့ ရေမပေးတော့ဘူးလို့ဖြစ်လာ တယ်””ဟု ဦးထွန်းမောင်က ပြောသည်။

လယ်သမားများအနေဖြင့် စပါး စိုက်ပျိုးရေးဖြင့်သာ မိသားစုဝမ်းစာဖြည့် တင်း ဆောင်ရွက်နေရပြီး စပါးစိုက်ပျိုးရန် လိုအပ်သောရေကို ကန့်သတ်ခံရသဖြင့် လယ်သမားမိသားစုများ စားဝတ်နေရေး အခက်ခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း ရင်းငြိမ်မြောက်ဘက်ကွင်းမှ လယ်သမား များကပြောသည်။

““ကျွန်တော်တို့မှာ နွေစပါးအောင်ဖို့ ရက် ၄၀ လောက်ပဲ ရေလိုတာ။ ဒီနှစ် ကတိုက်ဆည်မှာ မနှစ်ကထက် ရေကို ပိုလှောင်ထားတယ်။ ဒါပေမဲ့ စိုက်ဧက ထက်ဝက်လောက် ရေမပေးတော့ဘူးဆို တော့ ဘာကြောင့်လဲပေါ့။ ရေကို ထိန်း ထိန်းသိမ်းသိမ်းပေးရင် လောက်တဲ့ဟာကို ဘာလို့မပေးတာလဲ။ လယ်သမားတွေရဲ့ ဘ၀ကို ပိုခက်ခဲစေချင် လို့လားမသိဘူး”” ဟု ဦးထွန်းမောင်က ပြောသည်။

ရင်းငြိမ်မြောက်ကျေးရွာဘက်ရှိ လယ်သမားများအနေဖြင့် နွေစပါးစိုက် ပျိုးရန်အတွက် လိုအပ်သောဆည်ရေရရှိ ရန်သက်ဆိုင်ရာဌာနများထံ အသနားခံစာ တင်ပြထားပြီး ဆောင်ရွက်ပေးခြင်းမရှိ ပါက ဆည်ရေရရှိရေးအတွက် စုပေါင်း ဆန်္ဒထုတ်ဖော်တောင်းဆိုခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်တို့ အမှန်ပေးရမှာက ဧကတစ်သောင်းပဲ။ ဒီနှစ်က ဒီထက် ပိုပေးဖို့လျာထားတယ်။ မနှစ်က ဧက နှစ် သောင်းကျော်စိုက်ထားတဲ့အတွက် ကျွန် တော်တို့မှာ မနိုင်ဝန်ထမ်းရသလို ဖြစ်နေ တယ်။ အထွက်နှုန်းလည်း မကောင်းဘူး။ ဒါကြောင့် ဒီနှစ်မှာ ဖြစ်သင့်တဲ့ပမာဏကို သတ်မှတ်ပြီး ရေပေးဖို့ စီစဉ်ရတာပါ။ မောင်ဖြူဘက်ကရပြီး မောင်နီဘက်မပါ တော့ ပူညံပူညံဖြစ်တဲ့သဘောပါ။ ကျွန် တော်တို့ဘက်က ဒီနှစ်သတ်မှတ်ဧကထက် ဆည်ရေကို ပိုပေးမှာမဟုတ်ပါဘူး””ဟု ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး (၆) ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးသန်း ဌေးက ပြောသည်။

ပေါင်မြို့နယ်အတွင်း ရင်းငြိမ်တောင်၊ ရွာတန်းရှည်၊ ဖြူဘ၊ ကတွန်၊ ပန်းကုန်း၊ ကျုံဟော်၊ ရင်းငြိမ်မြောက်ကျေးရွာ  များရှိ စပါးစိုက်ကွင်းများတွင် နွေစပါးစိုက်ဧက ၂၅၇၈၇ ဧကရှိရာ ၂၀၁၇ ခုနှစ်တွင် စိုက်ဧက ၁၆၉၇၃ ဧကကိုသာ နွေစပါး စိုက်ပျိုးရန် ဆည်ရေပေးဝေသွားမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ တွင် စိုက်ဧက တစ်သောင်းဝန်းကျင်ကို သာ ဆည်ရေပေးရန် ဆည်မြောင်းဌာနက ခွင့်ပြုခဲ့ပြီး မြေပြင်တွင် စိုက်ပျိုးဧက ၂၅၀၀၀ အထက်စိုက်ပျိုးခဲ့သော်လည်း ရာသီကုန်သည်အထိ ဆည်ရေလုံလောက် စွာအသုံးပြုခဲ့ရသဖြင့် နွေစပါးများ ဖြစ် ထွန်း အောင်မြင်ခဲ့ကြောင်း စပါးစိုက် တောင်သူများထံမှ သိရသည်။

ရင်းငြိမ်မြောက်ကွင်းတွင် ၂၀၁၆ နွေစပါးအား ဧက ၈၀၀၀ ခန့် စိုက်ပျိုး လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် နွေစပါး စိုက်ပျိုးရန် ဧက ၃၈၀၀ ကျော်ကိုသာ ဆည်ရေပေးမည်ဖြစ်သောကြောင့် ကျန်လယ်များမှာ ဆည်ရေမရနိုင် သဖြင့် နွေစပါးစိုက်ပျိုးရန် ခက်ခဲမည်ဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုး ပါက တစ်ဧကအထွက်နှုန်းမှာ စပါးတင်း ၄၀ မှ ၆၀ အကြားရှိပြီး နွေစပါးစိုက် ပျိုးပါက တစ်ဧကလျှင် စပါးတင်း ၈၀ မှ ၁၀၀ ကြားထွက်ရှိသဖြင့် နွေစပါးအား အလေးထားစိုက်ပျိုးလုပ်ကိုင် လာကြောင်း သိရသည်။ 

အောင်မြင့်ထွန်း(မြစ်မခ)

Date: 
Friday, November 24, 2017