ချမ်းမြသာစည်မြို့နယ်၌ အိမ်အကူအမျိုးသမီးကိုအက်ဆစ်ဖြင့်ပက်ကာ ညှဉ်းပန်းနှိပ်စက်သည့်အမျိုးသမီးနှစ်ဦး အိုးဘိုအကျဉ်းထောင်သို့ပို့

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၌ အိမ်အကူ အမျိုး သမီးတစ်ဦးကို အိမ်ထဲ၌ ပိတ်လှောင် ညှဉ်းပန်းနှိပ်စက်မှုတွင် ပြုလုပ်သူ အမျိုး သမီးနှစ်ဦးအား မတ်လ ၂၆  ရက်တွင်မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

““လက်ရှိ ဥပဒေမှာ ပြဋ္ဌာန်းထား တယ်ဆိုတာက ခုနစ်ရက်အထက် ပြစ် ဒဏ်ချမှတ်နိုင်တဲ့အမှုတွေမှာ ရဲလုပ်ငန်း ဆောင်ရွက်ဖို့အတွက် ချုပ်ရက်ကိုရက် ၃၀ အထိပေးလို့ရပါတယ်။ ဒါပေမဲ့ အခု က ရက် ၃၀ ပြည့်ဖို့အတွက် လေးရက်လို သေးတယ်ဆိုတော့ ကျန်တဲ့ရမန်တောင်း တာပါ။ ဒီချုပ်ရက်တွေစေ့သွားပြီဆိုရင် တော့ ဒီအမှုကို သက်ဆိုင်ရာတရားရုံး က တရားစွဲမှာပါ။ အခုက ရဲလုပ်ငန်း ဆောင်ရွက်ဖို့အတွက် ချုပ်မိန့်ထပ် တောင်းတာကို ခွင့်ပြုပေးတာပါ။ အဲဒီ အတွက် စခန်းကိုမချုပ်ဘဲနဲ့ အိုးဘိုကို ပို့လိုက်တာပါ””ဟု ချမ်းမြသာစည်မြို့နယ် တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးကျော်စွာ လင်းက ပြောသည်။

အဆိုပါ အမှုသည် တရားစွဲဆိုခွင့် ပြုမိန့်လိုသည့်အတွက်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ တရားစွဲဆို ခွင့်ပြုမိန့်လိုအပ်နေခြင်းကြောင့် အကျဉ်း ထောင်၌ချုပ်ထားခြင်းဖြစ်ကာ မတ်လ ၃၀ရက်တွင် သက်ဆိုင်ရာ တရားရုံးက တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရ သည်။

မန်္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန်္ဒာရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ၂၀၁၀ခုနှစ်က အသက်(၂၅)နှစ်အရွယ် မနန်းမေဇင်ဦးဆိုသူ အိမ်အကူ မိန်း ကလေးအား ဒေါ်နီနီနုနွယ်ဆိုသည့် အမျိုးသမီးက အိမ်အတွင်း ပိတ်လှောင် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး အက်ဆစ်ဖြင့် ပက် ခဲ့ရာ မျက်နှာတစ်ခြမ်းပျက်စီးပြီး မျက်လုံး တစ်လုံးကွယ်သွားခဲ့ကြောင်း သိရသည်။

ညှဉ်းပန်းနှိပ်စက်ခံရသည့်  မနန်း မေဇင်ဦးသည် နှိပ်စက်သည့်ဒဏ်မခံနိုင် သဖြင့် နှိပ်စက်သည့်အိမ်မှ ထွက်ပြေးခဲ့ ပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံ တိုင်ကြားခဲ့ရာမှ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းက စစ်ဆေးခဲ့ရာ ဒေါ်နီနီနုနွယ်၊ ဒေါ်မိုးမိုး၊ ဒေါ်မိုးမိုး၏ သားဖြစ်သူတို့ပါ ပါဝင်ပတ်သက်နေ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားခံများအား ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများကို အောင်ပင်လယ်ရဲစခန်း က ပ - ၁၀၁/၂၀၁၈။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၃၃၄/၁၁၄ တို့ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး လူကုန်ကူးမှု တား ဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ ဖြင့်ပါ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။     မင်းခန့်(မြစ်မခ)

 

Date: 
Tuesday, March 27, 2018