နာနေတဲ့ ဒဏ်ရာတွေကို ဆက်လက်သည်းခံပြီး ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲ ၀င်ပေးကြပါဦး

Tuesday, January 16, 2018 - 17:15

ပြည်သူလူထု၏ အခြေခံလစာနှင့် ကုန်ဈေးနှုန်း မမျှတသည့် ဒုက်္ခဆိုးမှ အမြန်ဆုံး လွှတ်မြောက်ရန် နာနေသည့် ဒဏ်ရာတွေကို  ဆက်လက် သည်းခံပြီး ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲဝင်ပေး ကြပါရန် နိုင်ငံရေးအင်အားစုအားလုံးသို့ မြင်းခြံထောင်နိုင်ငံရေးအကျဉ်းသားဟောင်း များက လှုံ့ဆော်တိုက်တွန်းလိုက်ကြောင်း သိရသည်။

အင်းစိန်၊ သာယာဝတီနှင့် မြင်းခြံ ထောင်တို့တွင် နေထိုင်ခဲ့ရသည့် ဦးတင် သန်းဦးက ယင်းသို့ တိုက်တွန်းပြောကြား လိုက်ခြင်းဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံ ရေးအကျဉ်းသားဟောင်း အများအပြား တက်ရောက်ခဲ့ကြသည်။

““လွှတ်တော်ထဲမှာလည်း  ကိုယ့် ရဲဘော်တွေ၊ အစိုးရထဲမှာလည်း ကိုယ့် ရဲဘော်တွေ အဲဒီတော့ ပြည်သူလူထုရဲ့ အခြေခံလစာနဲ့ ကုန်ဈေးနှုန်းမမျှတတဲ့ ဒုက်္ခဆိုးက အမြန်ဆုံးလွတ်မြောက်သင့် တယ်။ ကျွန်တော်တို့ အရင်ဦးဆုံးလုပ်ရ မှာ ပြည်သူ့ လွတ်မြောက်ရေးပဲ။ ဒီနေ့ အစိုးရသည် ကျွန်တော်တို့ ဖြုတ်ချရမယ့် အစိုးရတော့ မဟုတ်ဘူး။ သူတို့မှာ မှား ကောင်းမှားမယ်၊ လိုအပ်ချက်တွေ ရှိ ကောင်းရှိမယ်။ သို့သော် အဲဒါတွေကို ဖြည့်စွက်ပြီး ကျွန်တော်တို့ လက်တွဲတည် ဆောက်ရမယ်။ ဒါကြောင့် နာနေတဲ့ ဒဏ်ရာတွေကို ဆက်လက်သည်းခံပြီး ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲ ၀င်ပေး ကြပါဦးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေနဲ့ နိုင်ငံရေးအင်အားစုတွေကို တိုက် တွန်းချင်ပါတယ်””ဟု ဦးတင်သန်းဦးက ပြောသည်။

အခမ်းအနားသို့ကြွရောက်လာသည့် သံဃာတော်များထဲမှ ဂဠုန်နီဆရာတော် က ““နိုင်ငံ့ခေါင်းဆောင်ဆိုတာ စိတ်ကောင်း နှလုံးကောင်းရှိရတယ်။ ချီးမြှောက်ထိုက် တဲ့လူ ချီးမြှောက်ရမယ်။ ချဉ်းကပ်ထိုက်တဲ့ လူ ချဉ်းကပ်ရတယ်။ ကျုပ်တို့က ကျုပ်တို့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီကို ယိမ်း ယိုင်ပျက်စီးသွားပြီး အာဏာရှင်လက်ထဲ ပြန်ရောက်သွားမှာကို ကြောက်နေရတာ”” ဟု မိန့်သည်။

ယင်းအခမ်းအနားအား ရွှေဝါရောင် ဆရာတော်ဦးပြည်ကျော်၏ ရွှေတောင် ကျောင်းတိုက်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက် ၈၈ မျိုးဆက်အချို့လည်း တက်ရောက်ခဲ့ကြသည်။

ဇော်မြင့်