လက်ဖက်ရည်ခွက်ထဲ မုန်တိုင်းထန်ပြီးနောက် ကမ္ဘာကျော်သွားသော ကြက်ကာလသားချက်

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း မြန်မာနိုင်ငံ ကို ချစ်ကြည်ရေးခရီးရောက်ရှိလာစဉ် ဂုဏ်ပြုညစာ စားပွဲအစီအစဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ညွှန်ကြားထားခဲ့သည်။ ထိုဧည့်ခံပွဲကို နေပြည်တော်၌ ဇွန်လ ၇ ရက် အင်္ဂါနေ့ညတွင် လစ်ပတန်လက်ဖက်ရည် (Liptan Tea) နှင့် ဧည့်ခံလိုက်ရာ လက်ဖက်ရည်ခွက်ထဲ မုန်တိုင်း တစ်ခုထန်သွားခဲ့သည်။
 
အာဆီယံနိုင်ငံများ၌ ထိပ်တန်းနေရာတွင် ရောက်ရှိနေသော စင်ကာပူနိုင်ငံ၏ ဥသျှောင်ကို ပေါပေါလောလော လစ်ပတန်တီးလေးနှင့် ဧည့်ခံရက်လေခြင်းဟု ရင်သပ်ရှုမော တအံ့တသြဖြစ်ကုန်ကြသည်။ မျက်ကလဲဆန်ပြာ ဖြစ်သူများလည်း မနည်းလှ။ အစဉ်အလာအတိုင်းဆိုလျှင် ခမ်းကြီးနားကြီး ထည်ထည်ဝါဝါဧည့်ခံလာခဲ့သော နိုင်ငံတော်ဧည့်သည်ကြီးများကို လစ်ပတန်လက်ဖက်ရည်မှာ သံပုရာသီးပါးပါးလေးလှီးထည့်လိုက်ပြီး ဧည့်ခံလိုက်ရာ အမြင်မတော်ဆင်တော်နှင့် ခလောက် ဖြစ်နေလေရော့လား။
 
လေဖိအားနည်းရပ်ဝန်းတွင် ဖြစ်ပေါ်လာသော မုန်တိုင်းထက် လစ်ပတန်တီးလက်ဖက်ရည်ခွက်ထဲက မုန်တိုင်းသည် ပိုမိုအား ကောင်းလာကာ အရှိန်ပြင်းပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှိုင်းဂယက်ကြီးများ ထသွားတော့သည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင် သံတမန်အဖွဲ့ကို ခပ်ပေါပေါ လစ်ပတန်လက်ဖက်ရည်နှင့် အစာပိတ် ဧည့်ခံလိုက်ခြင်းကြောင့် သရော် လှောင်ပြောင်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
 
အစိုးရအဆက်ဆက်က နိုင်ငံတော်ဧည့်သည် တော်ကြီးများကို နတ်ဘုံနတ်နန်းတမျှ ထည်ဝါခမ်းနားသောနေရာမှာ နတ်သုဒ္ဒါ ကဲ့သို့သော အစာအဟာရများကို တည်ခင်းပြီး၊ ယမကာချောင်းစီးခဲ့သော ဧည့်ခံပွဲကြီးများမှ ရုတ်ချည်းဖောက်ထွက်၍ သာမန် ရိုးရှင်းလှသော ဧည့်ခံပွဲအသွင်သဏ္ဌာန် ဖန် တီးဧည့်ခံလိုက်သဖြင့် ဝေဖန်သံများ သော သော ညံခဲ့သည်မှာ အဆန်းတကျယ် တော့မဟုတ်ပါ။
 
သို့သော် ထိုဝေဖန်သံများထဲတွင် တစ်ခေတ် တစ်ခါက ဘုန်းမီးနေလလွန်စွာ တောက်ပခဲ့သော အာဏာရှင်(ဟောင်း) ဦးနေဝင်း၏ မြေးတော် အေးနေဝင်း၏ဝေဖန်သံမှာ ရိုက်ခတ်မှုပြင်းထန်လွန်းလှသဖြင့် လူများစုစိတ်ဝင်စားစရာ သတိပြုစရာ ဖြစ်လာခဲ့သည်။ သူ၏ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်မှာ--
 
''ဘုရားရေ နိုင်ငံတော်အဆင့်ဂုဏ်ပြုညစာစား ပွဲမှာ ဘယ်သူက လစ်ပတန်တီးနဲ့ ဧည့်ခံလိုက်တာလဲဗျာ။ Lipton Tea ထက်အလွန်ကောင်းတဲ့ Twinning Tea (သို့မဟုတ်) Fortnum and Mason's Queen Anne Tea ဖြစ်သင့်တယ်။ ဘွားတော် (Old Girl) မှာ ဒီထက်ကောင်းတဲ့ရသာရုံ ရှိမယ်ထင်ထားတာ။ ပိုက်ဆံသက်သာအောင် လစ်ပတန်တီးနဲ့ ဧည့်ခံတယ်လို့ အဓိပ္ပာယ်မရှိတဲ့ဆင်ခြေတွေ လာမပေးနဲ့။ ဂုဏ်ပြုညစာစားပွဲကို ဘွားတော်ကိုယ်တိုင် စီစဉ်တာတဲ့ဗျာ'' ဟူ၍ သရော်ထား ကြောင်းတွေ့ရှိရသည်။
 
အေးနေဝင်း၏ ဝေဖန်မှုများကြောင့် လူမှုကွန်ရက်ပေါ်မှာ မကျေမနပ်ဖြစ်လာကြကာ ဆူပွက်လာတော့သည်။ ထိုဝေဖန်မှုများ ပေါ်မှာ မခံမရပ်ဖြစ်လာကြရင်း တန်ပြန်ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ပွက်လောရိုက်လာတော့သည်။ သူ့ကိုသာမက သူ့ အဘိုးဖြစ်သူ ဦးနေဝင်းပါ တန်ပြန်ထိုးနှက်ခံရတော့သည်။ အဘိုးဖြစ်သူ ဦးနေဝင်းနှင့် ပတ်သက်ပြီး မယား ၇ ယောက်ရှိသည့် ကိစ္စ။ တစ်ပင်လဲ တစ်ပင်ထူခြင်းမျိုးမဟုတ်ဘဲ မယားတွေမှိုလိုပေါက်အောင် ယူခဲ့ပုံကို ငယ်ကျိုးငယ်နာများ ဖေ့စ်ဘုတ်ပေါ်မှာ ဖော်ပြပြီး တိုက်ခိုက်လာတော့သည်။
 
ညောင်မြစ်တူးတော့ ပုတ်သင်ဥတွေပေါ်လာခဲ့ပြီ။ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဧည့်ခံပွဲကို သရော်လှောင်ပြောင် လိုက်သောအခါ သူ့ အဘိုးဖြစ်သူ ဦးနေဝင်းကိုပါ ထီးခိုက်၊ နန်းခိုက် တိုက် ခိုက်လာပြီး အဘိုးမိန်းမများသော ဂုဏ်ပုဒ်ကို ဖော် ထုတ်ခြင်းခံခဲ့ရသည်။ အခြေအနေမှန်ကို ရိပ်စားမိသော အေးနေဝင်းသည် နောက်ဆုံး မိမိလူမှုကွန်ရက် စာမျက်နှာပေါ်မှာ တောင်းပန်စကားများ ဆိုလာပါတော့သည်။
 
''စင်ကာပူဝန်ကြီးချုပ် မြန်မာပြည်ကို ဧည့်သည်တော်အဖြစ်လာတုန်း ညစာစားပွဲနှင့် ဧည့်ခံတဲ့အထဲမှာ တည်ခင်းတဲ့ လက်ဖက်ရည်ရွေးချယ်မှုနှင့် ပတ်သက်လို့ ရေးလိုက်တာတစ်ခုကို တော်တော် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။ အဲဒီစာရေးမှားမိလို့ မှားသွားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ သူတွေကိုရော အကန့်အသတ်မရှိ ကျွန်တော်တောင်းပန်လိုပါတယ်'' ဟူ၍ တောင်းပန်စကားများ ဆိုလာမှ လက်ဖက်ရည်ခွက်ထဲက မုန်တိုင်း သည် ငြိမ်သက်စပြုလာပါတော့သည်။
 
အမှန်တော့ ပြောင်းလဲချိန်တန်ပြီဆိုသော စကားနှင့် အညီ NLD အစိုးရသစ်တက်လာပြီး နောက် ယမကာချောင်းစီးနေသော ယမကာ သင်္ကြန်ကို ရိုးရာမဟာသင်္ကြန်အဖြစ် သိသိသာသာ ပြောင်းလဲပစ်ခဲ့သည်။ အားလုံးကလည်း ကျေနပ်ခဲ့ပါသည်။ ယခင်အစိုးရအဆက်ဆက်က ယမကာ ချောင်းစီးခဲ့သော နိုင်ငံတော်ဧည့်ခံပွဲများကို ယခုအချိန်အခါမှာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွပ်ကဲပြီး မြန်မာ့အစားအစာစစ်စစ်ကို အစားထိုး ဖော်ညွှန်းပေးခဲ့သည်။
 
မြန်မာ့ အစားအစာဖြစ်သော ကြက်ကာလသားချက် ချက်သောအခါ အတိုင်ပင်ခံလိုချင်သော အရသာအထိ အမြည်းချက် ပြပေးခဲ့ရသည်။ အတိုင်ပင်ခံ၏ ညွှန်ပြချက်များအရ ဘူးသီးဆိုရင် စိမ်းပြီး လတ်လတ်ဆတ်ဆတ်နေရမည်။ နုပြီးအနေတော် လေးဖြစ်ရမည်။ ကြက်ကာလသားချက်တွင် ရေများများ မြုပ်မနေသည်အထိ အသေးစိတ်ကို အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိတိပပညွှန်ကြားထားခဲ့သည်။
 
''မိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး'' ဆိုသော မြန်မာစကားသည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း နှင့် သံတမန်အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိမှန်သွားတော့သည်။ စင်ကာပူဝန်ကြီးချုပ်နှင့် အဖွဲ့သည် မစားစဖူး အစားထူးခဲ့ရသော ကြက်ကာလသား ချက်ကို ခံတွင်းတွေ့ကြလွန်းလို့ စင်ကာပူပြန်ရောက်တဲ့အထိ စင်ကာပူကနေ အဲဒီ Menu Set ကို သင်္ဂဟ ဟိုတယ်ကို လှမ်းမှာ စားနေရသည်ဆိုပဲ။ ဤသတင်းအမှန်ကို မီဒီယာများကြောင့် ရပ်ကျော်ရွာကျော် တိုင်းကျော်ပြည်ကျော် ဖြစ်ရုံမျှမက မြန်မာကြက်ကာလသားချက်မှာ ကမ္ဘာကျော်သွားကြောင်း သိရှိလိုက်ရသည်။
 
မြန်မာ့ကာလသားချက်ကို စင်ကာပူဝန်ကြီး ချုပ်လီရှန်လွန်းနှင့်အဖွဲ့က ခံတွင်းတွေ့ပြီး အားရပါးရ စားကောင်းကြလွန်း၍ အစာစားပြီး၊ စားပိုးနင့်မသွားစေရန် လစ်ပတန်တီးကို သံပုရာသီးပါးပါးလေးနှင့် ဧည့်ခံလိုက်သည့်အတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း လွန်စွာအကြိုက်တွေ့စေပြန်သည်။
 
စင်ကာပူဝန်ကြီးချုပ်နှင့် အဖွဲ့သည် စင်ကာပူ ပြန်ရောက်သည်ထိ အဆိုပါ Menu Set ကို သင်္ဂဟ ဟိုတယ်သို့ မကြာခဏ လှမ်းမှာနေသဖြင့် မြန်မာကာလသားချက် စင်ကာပူနိုင်ငံ ပို့ပေးနေရသောအဆင့်သို့ အံ့သြဖွယ် ရောက်ရှိနေပါပြီ။ မြန်မာ့ကျေး လက်တောရွာမှသာ မွေ့လျော်လာခဲ့ရသော ကြက်ကာလသားချက်သည် တော်မဝင်နန်းမထိုက်ပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စင်တင်ပေးမှုကြောင့် အခုတော့ နိုင်ငံတကာအလယ်မှာ ဝင့်ထည်ခွင့်ရခဲ့ပြီ။
 
အချုပ်အားဖြင့်တင်ပြရလျှင် နိုင်ငံတော်ဧည့်ခံပွဲ၌ လက်ဖက်ရည်ခွက်ထဲတွင် မုန်တိုင်းထန်စေခဲ့သော အေးနေဝင်းနှင့်တကွ သရော်လှောင်ပြောင်ခဲ့သူ အားလုံးအတွက် ဖောက်သည်ချ ပြောပြလိုသည်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် စီစဉ်ညွှန်ကြားပေးခဲ့သော ကြက်ကာလသားချက်နှင့် မြန်မာ့ရိုးရာအစားအစာသည် ကမ္ဘာကျော်အောင် လှုပ်ခတ်သွားခဲ့ကြောင်း မက်ဆေ့တစ်ခုပေးလိုက်ပါရစေ။
Date: 
Saturday, July 16, 2016