ဥပဒေပုဒ်မ ၆၆(ဃ)ကို အငြှိုးအာဃာတဖြင့် အသုံးပြုကာ တရားစွဲဆိုမှုများရှိနေဟုဆို

အေမီအောင်(မြစ်မခ)
Tuesday, August 1, 2017 - 11:15

နိုင်ငံရေးကို သင်ပုန်းချေသည့်နည်း ဖြင့်မသွားဘဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို အငြှိုးအာဃာတဖြင့် အသုံး ပြုကာ တရားစွဲဆိုမှုများရှိနေကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသန အဖွဲ့မှ မောင်ဆောင်းခက ပြောကြား လိုက်သည်။

““နိုင်ငံရေးကို သင်ပုန်းချေတဲ့နည်းနဲ့ မသွားဘဲ NLD  ထောက်ခံသူတွေက သူတို့တုန်းကလည်း ဖမ်းခဲ့၊ ဆီးခဲ့တာပဲ ဆိုတဲ့ ဒီဥပဒေကိုပြန်သုံးခဲ့ပြီး အတိုက် အခံတွေကို ထောင်ထဲထည့်ကြတယ်။အငြှိုးအာဃာတပေါ့။ ဒေါ်အောင်ဆန်း စုကြည်နဲ့ပတ်သက်ပြီး ကြားလူက တရား စွဲတာ ရှစ်မှုတောင်ရှိနေတာကို ကြည့် ခြင်းအားဖြင့် တရားစွဲခံရတဲ့သူတွေက လည်း ပြီးခဲ့တဲ့ အစိုးရကို ထောက်ခံတဲ့သူ တွေဖြစ်နေတာ တွေ့ရတယ်။ အဓိကက တော့ ကျွန်တော်တို့မှာရှိတဲ့အငြှိုးအာဃာတ တရားတွေနဲ့ ဒီဥပဒေကို အသုံးချနေတာ လားလို့ပြောချင်တယ်””ဟုမောင်ဆောင်းခ က ပြောသည်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေ သနအဖွဲ့၏ စစ်တမ်းများအရ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တပ်မတော် က တရားစွဲဆိုခဲ့သည့်အမှု ခုနစ်မှု၊ NLD  ပါတီက တရားစွဲခဲ့သည့်အမှုခြောက်မှုနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ်သက်ပြီး ကြားလူ များက  တရားစွဲခဲ့သည့်  အမှုရှစ်မှုရှိ ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရသည့်အမှု ခုနစ်မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၇ ဇူလိုင် ၂၃ ရက်အထိ ကောက်ခံရရှိထားသည့် စာရင်းများအရ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုသည့်အမှု ပေါင်း ၇၆ မှုထိရှိကြောင်း သိရသည်။

““လွှတ်တော်ဟာ ဒီပုဒ်မနဲ့ပတ်သက် ပြီးတော့ ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့ကို နှောင့် နှေးကြန့်ကြာခဲ့လို့ တကယ်ဆို အစိုးရ တစ်ရပ်မဖြစ်ခင် လွှတ်တော်ဖြစ်တာပါ။ ဥပဒေပြုရေးတွေလုပ်တဲ့အခါမှာ ဘယ် ဥပဒေတွေက ပြည်သူတွေကို ထောင် ထဲကို အလွယ်တကူထည့်လို့ရနေလဲဆို တာကို စဉ်းစားသင့်တယ်။ အခြားဥပဒေ ပြင်ရမှာ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမဲ့ လတ်တလောမှာ ပြည်သူထိခိုက် မှုအများဆုံးက ဘာလဲဆိုတာ စဉ်းစားဖို့ လိုတယ်။ ပြည်သူပေါ်မှာ ထိခိုက်နေတဲ့ ၆၆(ဃ)ကို လျစ်လျူရှုပြီးတော့နေခဲ့တယ်။ ဒီဥပဒေရှိနေတဲ့အတွက်ကြောင့်လည်း အမှုတွေက ဆက်ဖြစ်နေခဲ့တာလို့ ကျွန် တော်သုံးသပ်တယ်””ဟု မောင်ဆောင်းခ ကပြောသည်။

အေမီအောင်(မြစ်မခ)