တန်ဖိုးထားတဲ့၊ လေးစားရတဲ့ လူထုအရေးတော်ပုံကြီး ကြွေးကြော်သံတွေကို ဆက်လက်ဖော်ဆောင်ဖို့ ခိုင်ခိုင်မာမာရပ်တည်သွားမယ်

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၈၈၈၈ ပါတီမှတ်ပုံတင်ရန် ဒီဇင်ဘာ ၁၉ရက် တွင် ရောက်ရှိလာသည့် ၈၈၈၈ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီမှ ဗဟိုဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြီးအားမေးမြန်းချက်ကို ဖော်ပြပေးလိုက်ပါတယ်။

မေး။     ။           ရှစ်လေးလုံးပါတီ  မှတ်ပုံတင်ဖြစ်တဲ့ အကြောင်းလေး သိလိုပါတယ်။

ဖြေ။      ။အဓိကတော့ နိုင်ငံရေးပါတီတစ်ရပ်ပေါ် ပေါက်ဖို့ဆိုပြီးတော့ ကြိုးစားလာခဲ့တာ တစ်နှစ်ခွဲ ကျော်လောက် ရှိလာပြီ။ ဆွေးနွေးမှုတွေ၊ အစည်း အဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး ဒီမှာ တကယ့် တကယ်နိုင်ငံရေးပါတီကို ဇောက်ချပြီးလုပ်တော့ မယ်ဆိုတဲ့ ရဲဘော်တွေအားလုံး ရန်ကုန်တင်မက ပါဘူး။ နယ်အသီးသီးက ရဲဘော်တွေ စုစည်းပြီး ပါတီရဲ့အမည်၊ အလံ၊ တံဆိပ်၊ သင်္ကေတ၊ ဖွဲ့စည်းပုံ ကအစ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အဲတော့ အားလုံးရဲ့စုံညီအစည်းအဝေးအရ ပါတီကို ဒီနှစ် မကုန်ခင် ဆိုလိုတာက ဒီဇင်ဘာလမကုန်ခင်ပေါ့။ မှတ်ပုံတင်မယ်ဆိုတဲ့ အချိန်ကာလသတ်မှတ်ချက် ကိုပြည့်မီအောင် ပြင်ဆင်ကြိုးစားခဲ့ပြီးတော့ ဒီနေ့ မှာတော့ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်တာ ဖြစ်ပါတယ်။

မေး။     ။ပါတီရဲ့အမည် ရှစ်လေးလုံးပါတီအပေါ် ဝေဖန်မှုတွေအတွက် ဘာများပြောချင်ပါသလဲ။

ဖြေ။      ။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှ အထူးအထွေ ပြောစရာမရှိပါဘူး။ ဒါ ကျွန်တော်တို့ အင်မတန် တန်ဖိုးထားတဲ့၊ လေးစားရတဲ့ လူထု အရေးတော်ပုံကြီးကြွေးကြော်သံတွေကို ဆက်လက် ဖော်ဆောင်ဖို့အတွက် အဓိကဦးတည်ချက်အပေါ် ခိုင်ခိုင်မာမာဆက်ရပ်တည်သွားမှာပါ။

မေး။     ။ဒီရှစ်လေးလုံးဆိုတဲ့အမည်က လူတစ်စုအဖွဲ့ အစည်းရဲ့အပိုင် မဟုတ်ဘူးပေါ့။ တကယ်လို့ ကန့် ကွက်မှုတွေများရှိလာရင် ဘယ်လိုရင်ဆိုင်တုံ့ပြန်သွား မှာလဲ သိပါရစေ။

ဖြေ။      ။ ကျွန်တော်တို့က ဥပဒေနည်းလမ်းအရပဲ ဆောင်ရွက်သွားမှာပါ။ ကော်မရှင်မှာ မှတ်ပုံတင် တယ်ဆိုရင် ကော်မရှင်က အခြားနိုင်ငံရေးပါတီများ က  ကန့်ကွက်မှုရှိပါသလားလို့  ထုံးစံအတိုင်း အကြောင်းကြားတာတွေ လုပ်ပါလိမ့်မယ်။  လုပ်ပြီး တဲ့အခါကျရင် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ အဲဒီတော့ အဓိကပြောချင် တာက ကျွန်တော်တို့ ဒီပါတီသစ်ထူထောင်ဖို့ ကြိုး စားတဲ့နေရာမှာ တော်တော်ကိုကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်အောင် ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် ကြောင့်  နယ်အသီးသီးမှာလည်း  (၈၈)ကာလ ကတည်းက တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြတဲ့၊ ဦးဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကိုယ်တိုင်မှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ စုစည်းနိုင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော့်ရဲဘော်တွေကိုယ်စားလည်း ၀မ်းမြောက် ၀မ်းသာ ဖြစ်ရတယ်။ ကျွန်တော်တို့ အဲဒီနေ့ကဆိုရင် နာမည်ရွေးချယ်ပြီးတဲ့အခါ တကယ့်ကို စိတ်လှုပ် ရှားပြီး အားလုံးက ရှစ်လေးလုံးတုန်းက စိတ်ဓာတ်မျိုး တွေပါ ခံစားလာရတဲ့ ရဲဘော်တွေကို ကြည့်ပြီး ကျွန်တော် အင်မတန်အားရပါတယ်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင် ဆက်လက်ဖတ်ရှုပါရန်

ဝေဖြိုး(မြစ်မခ)

Date: 
Tuesday, December 26, 2017