ကသာမြို့၌ ပြုလုပ်နေသော ဗိုလ်ချုပ်ရုပ်တု နမူနာပုံစံနှင့် ကွဲလွဲမှုများရှိနေသဖြင့် ပြန်လည်ပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့၌ ထုလုပ်လျက်ရှိသော ဗိုလ်ချုပ် မြင်းစီးနေဟန် ကွန်ကရစ်ရုပ်တုသည် နမူနာပုံစံနှင့် ကွဲလွဲမှုများရှိနေခြင်းကြောင့် ဇန်န၀ါရီ ၂၁ ရက်မှ စတင်၍ ပြန်လည် ပြင်ဆင်ရန် ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
ကသာမြို့၌ ထုလုပ်လျက်ရှိသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ပြည်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုအနေအထားနှင့် အရွယ် အစား ပုံသဏ္ဌာန်အတိုင်း ဖြစ်စေရန် ရည်ရွယ်သတ်မှတ်ထားသော်လည်း လက်ရှိထုလုပ်ထားသော ဗိုလ်ချုပ်ရုပ်တု သည် ကွဲလွဲမှုများရှိနေသဖြင့် ပြန်လည် ပြုပြင်နေရခြင်းဖြစ်သည်။ 
““ပုံစံတူမြင်းစီးရုပ်တုကိုထုပေးဖို့ မျက် မှန်းနဲ့ပြောတာမဟုတ်ပါဘူး။ ပြည်မြို့မှာ ရှိတဲ့ ပုံစံအနေအထားအတိုင်း ပုံတူ ထုပေးရန် ပြောပြထားတာပါ။ ခုအနေ အထားက အစိတ်အပိုင်းတူညီမှု အား နည်းနေလို့ စာချုပ်ပါအတိုင်း ပြန်လည် ပြုလုပ်ပေးဖို့ ကော်မတီရဲ့တောင်းဆိုချက် နဲ့ ပြန်ပြုပြင်မှာပါ””ဟု ဗိုလ်ချုပ်ရုပ်တုဖြစ် မြောက်ရေးကော်မတီဘဏ္ဍာရေးအဖွဲ့မှ ဒေါ်ညိုရည်ဇော်ကပြောသည်။
အဆိုပါ ဗိုလ်ချုပ်ရုပ်တုကိုမုံရွာမြို့မှ ရုပ်တုပညာရှင်က နိုဝင်ဘာလတွင် စတင် ထုလုပ်ခဲ့ပြီး လက်ရှိတွင်  ၉၀ ရာခိုင်နှုန်း ပြီးစီးပြီးနောက် ကော်မတီအဖွဲ့ဝင်များက ကြည့်ရှုစဉ် ယင်းကဲ့သို့ လိုအပ်ချက် အနည်းငယ်ရှိနေသဖြင့် အစည်းအဝေး ပြုလုပ်၍ ရုပ်တုကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။
““ရှိသင့်တာထက် အနေအထား နည်း နည်းစောင်းချင်လို့ စောင်းပေးရ မှာပါ။ ခါးပိုင်းနေရာမှာ ခါးလှည့်လို့ရတဲ့ အနေအထားကို ဒီနေ့ပဲ လုပ်ပေးမှာပါ။ ပိုကောင်းစေချင်လို့ပါ။ ကျန်တဲ့နေရာက တော့ မရှိပါဘူး။ ဒါလည်းတစ်ရက်၊ နှစ် ရက်လောက်ဆို ပြီးမှာပါ””ဟု ရုပ်တုပညာ ရှင် ဦးလှအောင်ကပြောသည်။
ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် အဖွဲ့ဝင် ၅၉ ဦးဖြင့် ကသာ မြို့တော်ခန်းမ၌ တရားဝင်ဖွဲ့စည်းခဲ့ပြီး ကသာမြို့မှ မီတာ ၄၀၀ အားကစားကွင်း ရှေ့ရှိ တြိဂံပန်းခြံ ၂၀၁၇ ခုနှစ် စက်တင် ဘာ ၂၁ ရက်မှစတင်၍ လုပ်ငန်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလှရွှေ(မြစ်မခ)
Date: 
Tuesday, January 23, 2018