ထီလက်မှတ်ဈေးတင်ရောင်းသည့် ထီဆိုင်များကို သက်သေခိုင်လုံစွာတိုင်ကြားပါက အရေးယူမည်

ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ် အတွင်း သတ်မှတ်တန်ဖိုးထက် ပိုမို ရောင်းချနေသည့် အောင်ဘာလေထီ လက်မှတ်အရောင်းဆိုင်များကို သက် သေခိုင်လုံစွာဖြင့်တိုင်ကြားပါက  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရှိရသည်။
အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၁၇ ခုနှစ် မတ် ၁ ရက်မှစတင်၍ ထီ တစ်စောင်လျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချ ပေးရန် သတ်မှတ်ထားခဲ့သော်လည်း ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ထီဆိုင်ကြီးများ၌ ထီလက်မှတ်တစ် စောင်လျှင် ၆၅၀ ကျပ်၊ ၇၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ကျေး ရွာများတွင် ဆိုင်ကယ်၊ ကားများဖြင့် တစ်ဆင့် လိုက်လံရောင်းချနေသူများက ၈၀၀ ကျပ်အထိ ဈေးနှုန်းမြှင့်တင်ရောင်းချ လျက်ရှိကြောင်း ဒေသခံများထံမှ သိရ သည်။
““ကျွန်တော်တို့ဆီမှာ ထီရောင်းချ ခွင့်ရတဲ့ ထီကိုယ်စားလှယ်တွေကိုတော့ ထီတစ်စောင်ကို ၅၀၀ ကျပ်ထက် ပို မရောင်းဖို့ ၀န်ခံကတိလက်မှတ်ရေးထိုး ထား ခိုင်းပါတယ်။ တစ်ဆင့်ပြန်လည်ဝယ် ယူတဲ့သူတွေက ဈေးနှုန်းတင် ရောင်း ကြောင်းတော့ သိရတယ်။ ထီလက်မှတ်ကို မည်သူမဆို ၀ယ်ယူခွင့်ပြုထားပါတယ်။ သတ်မှတ်တန်ဖိုးထက် ပိုရောင်းတဲ့ထီဆိုင် တွေကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရင်တော့ အာမခံ ငွေ အသိမ်းခံရပါမယ်။ ထီဆိုင်တွေက ထီတစ်အုပ်ကို ငွေ ၁၀၀ ကျပ် အာမခံ ငွေထားရပါတယ်။ လက်ရှိတော့ တိုင် ကြားတဲ့သူ မရှိသေးပါဘူး။ ဥပဒေမထွက် သေးပါဘူး။ ဥပဒေထွက်လာရင်တော့ ထိရောက်စွာ အရေးယူသွားမှာပါ””ဟု ပဲခူးတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစော ဆွေက ပြောသည်။
အောင်ဘာလေသိန်းဆုဌာနခွဲနှင့် သက်ဆိုင်ရာ ထီအရောင်းကိုယ်စားလှယ် တို့သည် ထီလက်မှတ်များအား ပြန်လည် ရောင်းချရာတွင် ထီလက်မှတ်ပေါ်၌ ရိုက် နှိပ်ထားသော ထီလက်မှတ်တန်ဖိုးအတိုင်း ရောင်းချရန်နှင့် ရောင်းချခြင်းမပြုပါက ထီအရောင်းကိုယ်စားလှယ်က ဌာနသို့ ပေးသွင်းထားသည့်အာမခံငွေကို နိုင်ငံ တော်ဘဏ္ဍာအဖြစ် သိမ်းယူပြီး အမည် ပျက်စာရင်းကြေညာသွားမည်ဟု ပဋိညာဉ် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။
““ကျွန်တော်တို့က ထီဆိုင်ကြီးတွေ ကနေ ဈေးပိုပေးပြီး ပြန်ဝယ်ရတယ်။ အစိုးရထီလက်မှတ်ဖြန့်တဲ့ပုံစံက လိုချင် တဲ့သူရောင်းပေမယ့် လစဉ်အမြဲတမ်းဝယ် နိုင်တဲ့သူတွေကိုပဲ ထီလက်မှတ်ချပေး တယ်။ သုံးလစာငွေပေါင်တင်ပေးရတယ်။ အဲဒီတော့ ငွေတတ်နိုင်တဲ့ ထီဆိုင်ကြီး တွေကတစ်ဆင့် ထီဆိုင်တွေက ဈေးပို ပေးပြီး ပြန်ဝယ်ရတယ်။ သယ်ယူစရိတ်၊ ဆိုင်ခန်းခ၊ အလုပ်သမားစရိတ်တွေကြောင့် ထီဈေးတင်ရောင်းရတာပါ။ နိုင်ငံတော်က ထီလက်မှတ်တစ်စောင်ကို ၅၀၀ ကျပ်နဲ့ ရောင်းခိုင်းပြီး ထီတစ်အုပ်မှာ တစ်စောင်ပဲ ပိုပေးတော့ ဆင့်ကဲဆင့်ကဲပြန်ဝယ်ရောင်းရ သူတွေအဖို့ အခက်အခဲတွေ့နေရတယ်။ အခုလည်း နိုင်ငံတော်က ထီနဲ့ပတ်သက်ပြီး ဥပဒေကြမ်းရေးဆွဲနေတယ်လို့သိရတယ်။အောက်ခြေအဆင့်ဆင့်ထိလေ့လာပြီးမှ ဥပဒေမှာ ထည့်သွင်းစဉ်းစားပေးစေချင် တယ်””ဟု ပဲခူးမြို့ရှိ ထီအရောင်းဆိုင်ကြီးမှ ကိုယ်စားလှယ်ဦးအောင်က ပြောသည်။
မျိုးမြတ်(မြစ်မခ)
Date: 
Tuesday, September 25, 2018