ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကမ်းထောင်းကြီးမြို့၌ ဆရာတော်ဦးဥတ္တမရုပ်တု သွန်းလုပ်ထားရှိရန်စီစဉ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ကမ်းထောင်း ကြီးမြို့၌ မြန်မာ့လွတ်လပ်ရေး ရှေ့ဆောင်ဆရာ တော် ဦးဥတ္တမ ကြေးသွင်းရုပ်တု တည်ထားရန် မြေညှိခြင်းနှင့် ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးဥတ္တမ ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေး ကော်မတီမှ သိရှိ ရသည်။

ဗြိတိသျှအစိုးရလက်ထက် မြန်မာပြည် လွတ် လပ်ရေးအတွက် ဆရာတော်၏ ကြိုးပမ်းအားထုတ် ခဲ့မှုများ၊ ဆရာတော်၏ အာဇာနည်စိတ်ဓာတ်နှင့် ကျေးဇူး တရားများအား အမှတ်ရစေရန် ရည်ရွယ် ပြီး မြို့သူမြို့သားများ လာရောက်ဂါရ၀ ပြုနိုင်ရန်  တည်ထားပူဇော်မည်ဖြစ်ကြောင်း သိရသည်။

““ဆရာတော်ရဲ့ ကြေးသွန်းရုပ်တု ပြုလုပ်ပူဇော်ဖို့ အတွက် တည်ထားမယ့် မြေနေရာက ရရှိပြီးပါပြီ။ လက်ရှိမှာတော့ အဲဒီမြေကို ကျပ် ၂၅ သိန်း အကုန် ကျခံပြီး မြေညှိခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။   ကြေးသွန်းရုပ်တု  ဖြစ် မြောက်ဖို့အတွက် အလှူငွေတွေ လက်ခံနေသလို စေတနာရှင် အလှူရှင်တွေက လှူဒါန်းကြဖို့ကိုလည်း ကြေညာထားပါတယ်””ဟု ဦးဥတ္တမကြေးသွန်း ရုပ်တု ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ချယ်ရီက ပြောသည်။

ဆရာတော်ဦးဥတ်္တမကြေးသွန်းရုပ်တု ထားရှိရန် မြေနေရာ၌ ပန်းခြံပါထည့်သွင်းပြီး တည်ဆောက်ရန် ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်ရှိ ရေပြင်မြေ နေရာနှစ်ဧကကျော်အကျယ်အ၀န်းအား ကျပ်သိန်း ၃၀ ခန့် အကုန်ကျခံကာ ပကတိကုန်းမြေဖြစ်အောင် မြေဖို့ခြင်းနှင့် မြေသားညှိခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မြေသားညှိခြင်းနှင့် ကုန်းမြေဖို့ တည်ဆောက် ခြင်း လုပ်ငန်းများ ပြီးစီးပါက  အလှူငွေရရှိရေး အပေါ်မှာ မူတည်ပြီး ကြေးသွန်းရုပ်တုပြုလုပ်ရေး အစီအစဉ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဥတ္တမပန်းခြံ ဖြစ်မြောက်ရေးကော်မတီမှ သိရ သည်။

““ကျွန်တော်တို့ ကမ်းထောင်းကြီးမြို့မှာ မြို့ရဲ့ ကျက်သရေဆောင်ဖြစ် ဆရာတော် ဦးဥတ်္တမရုပ်တု ပူဇော်ထားရှိမှာကို မြို့သူမြို့သားတွေက ကြိုဆိုနေ ကြတယ်။ ဆရာတော်က မြန်မာနိုင်ငံ လွတ်လပ် ရေးအတွက်ရော ရခိုင်လူမျိုးတွေအတွက်ပါ ကျေးဇူး ကြီးမားပါတယ်။ ဗြိတိသျှခေတ်မှာ ဆရာတော်က မြန်မာပြည်လွတ်လပ်ရေးအတွက် မကြောက်တရား တွေ ဟောတယ်။ ဗြိတိသျှအစိုးရက ဖမ်းတယ်။ ထောင်ချတယ်။ ထောင်ကလွတ်ပြီး ဆက်ဟော တယ်။ ဒီလိုဒီလို ကြိုးပမ်းအားထုတ်ရင်း နောက်ဆုံး ပျံလွန်တော်မူသွားခဲ့တယ်””ဟု ကမ်းထောင်းကြီး မြို့ခံဦးထွန်းအောင်ဖြူကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆရာတော် ဦးဥတ္တမ ရုပ်တုအား စစ်တွေ၊ကျောက်ဖြူ၊သံတွဲ၊တောင်ကုတ် အစရှိသည့် မြို့ ၁၀ မြို့ခန့်တွင် သွန်းလုပ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။   

   အာရကန်ကိုကို(မြစ်မခ)

 

Date: 
Tuesday, October 2, 2018