လယ်/စီအဖွဲ့ကို အရေးယူ၍မရအောင် ဥပဒေဖြင့်ကာကွယ်ထားသော်လည်း လယ်သမားများက ထောင်ထဲရောက်နေဟုဆို

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီအားအရေးယူ၍မရအောင် ဥပဒေဖြင့် ကာကွယ်ထားသော်လည်း လယ်သမားများက ထောင်ထဲရောက်နေ ကြောင်း မြန်မာနိုင်ငံ တောင်သူလယ် သမားသမဂ်္ဂ(ဗဟို)ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောသည်။
သိမ်းဆည်းခံ လယ်ယာမြေများ အမြန်ဆုံးပြန်လည်ရရှိရေး တွံတေး၊ ကော့မှူး၊ ဒလမြို့များသို့ နှစ်ရက်ကြာ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ ကြသည့် လယ်သမားစစ်ကြောင်းသည် မဟာ ဗန္ဓုလပန်းခြံသို့ ဇူလိုင် ၁ ရက် မနက်ပိုင်းတွင် ရောက်ရှိလာပြီးနောက် ၎င်းင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
““၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းကို ဥပဒေနဲ့ တန်းတူညီမျှ အကာအကွယ်ပေးရမယ်လို့ပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေမှာက လယ် သမားတွေအတွက်ပဲ  ပြစ်မှုပြစ်ဒဏ် ပြဋ္ဌာန်းထားတယ်။ လယ်စီအဖွဲ့ကိုတော့ အရေးယူဆောင်ရွက်လို့မရဘူးလို့ ဥပဒေ နဲ့ ကာကွယ်ထားတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်တာပဲ။ လယ်ယာအမှုအခင်းတွေမှာ ကြည့်မယ် ဆိုရင် လယ်စီအဆင့်ဆင့်ရဲ့ လွဲမှားစွာ ဆုံးဖြတ်မှုတွေကြောင့် ကျွန်မတို့ လယ် သမားတွေဟာ မစည်ကားအပ်တဲ့နေရာ တရားရုံးတွေမှာ   ရောက်နေရတယ်။ တောင်သူလယ်သမားဆိုတာ တရားရုံးကို ရောက်ရမယ့် လူတန်းစားမဟုတ်ပါဘူး။ အဲဒီတော့ တောင်သူလယ်သမားတွေ တရားရုံးကို ရောက်နေသရွေ့ ကျွန်မတို့ နိုင်ငံဘယ်လိုဖွံ့ဖြိုးတိုးတက်မလဲ၊ စစ်မှန် တဲ့၊ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံလို့ ကျွန်မတို့ ဘယ်လိုဆိုနိုင်မလဲ၊ အာမခံပေးရမယ့်ပုဒ်မ ၄၄၇ ကိုတောင်မှ အာမခံမပေးတာရှိတယ်။ ဒါတွေကို စိစစ် လိုက်တဲ့အခါ တရားခံဟာ မြေစာရင်း ဌာန ဖြစ်နေတာ တွေ့ရပါတယ်””ဟု ဒေါ် စုစုနွေးက ဆိုသည်။
ဆက်လက်ပြီး မြေစာရင်းဌာနက မြေသိမ်းဥပဒေနှင့်မညီသည့် ဆောင်ရွက် ထားမှုတွေကြောင့် မြေယာပြဿနာများ ဖြေရှင်းသည့်အခါတွင် ဆုံးဖြတ်ချက်ချ မည့် လယ်/စီဥက္ကဋ္ဌက မြေစာရင်းမှူး၏ အကြံပြုချက်အတိုင်း ဆုံးဖြတ်ချက်ချပေး ရကြောင်း၊ ၁၈၉၄ မြေသိမ်းဥပဒေနှင့်မညီ သည့် ဆောင်ရွက်ထားမှုများကြောင့် အကြံပြုသည့်အခါတွင်လည်း ဥပဒေနှင့် မညီသည့် အကြံပြုချက်များကိုသာ ပေး မှာဖြစ်ကြောင်း ဒေါ်စုစုနွေးက ပြောသည်။
ဒေါ်စုစုနွေးနှင့်အတူ လယ်သမား အရေးဆောင်ရွက်သူ ကိုဇော်ရမ်း၊ တရား လွှတ်တော်ရှေ့နေကြီး ဦးသိန်းလွင်တို့က လည်း သမ္မတ၏ နှုတ်မိန့်ကို မလိုက်နာ သည့် ဌာနဆိုင်ရာနှင့် လယ်/စီအဖွဲ့များ ကြောင့် လယ်သမားများ၏ နစ်နာနေမှု များ ပြောဆိုခဲ့ကြသည်။   
     ဇော်မြင့်
Date: 
Tuesday, July 3, 2018