အဖျောက်မြို့အနီး ဧရာဝတီမြစ်၌ တရားမ၀င် သဲ၊ ကျောက် ထုတ်ယူနေသူများကို တရားစွဲ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ ဧရာဝတီမြစ်၌ တရားမ၀င် မြစ်သဲ၊ ကျောက်စရစ်များထုတ်ယူနေမှုကြောင့် မြစ်ကမ်းများ ပြိုကျမှုများဖြစ်ပြီး သဲ၊ ကျောက်ထုတ်ယူသူများကို ဇန်န၀ါရီလ ၂၁ရက်တွင်ရေအရင်း မြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဥပဒေပုဒ်မ ၂၆ အရ   အဖျောက်ရဲစခန်း၌ တရားစွဲဆိုထားကြောင်း တိုက်ကြီမြို့ အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ သိရ သည်။

အဖျောက်မြို့နယ်အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ ရေပြန်ရွာသစ်အနီး ပေါ်ထွန်းသော သောင်ဘေး၌ ဒေသခံ လက်လုပ်လက်စားများကကျောက်စရစ် များကိုလက်ထိုးလှေများဖြင့် တူးခြင်း၊ ကျုံးခြင်း ပြုလုပ်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါသတင်းရသဖြင့်ဇန်န၀ါရီလ ၁၉ ရက် မွန်းလွဲ၁း၃၀နာရီကတိုက်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ အဖျောက်မြို့အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုး၊ အဖျောက်ရဲစခန်းမှ ဒုရဲအုပ်စိုးမြင့်ခိုင်၊ ရဲဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများပါဝင်သောပူးပေါင်းအဖွဲ့သည်အဆိုပါနေရာသို့ ကွင်းဆင်း စစ်ဆေးရာကျောက်စရစ်တူးနေသည့် ဦးဝင်းထွန်းပါ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး အဖျောက် ရဲစခန်း၌ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ တရားမ၀င်ကျောက်စရစ်ထုတ်လုပ်ခြင်းကိုအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မကြာခဏအသံချဲ့စက် များဖြင့်ကြေညာခြင်း၊ ပြုလုပ်ဖူးသူများကိုခေါ်ယူ လက်မှတ်ထိုးခြင်း၊ တရားမ၀င်ကျောက်စရစ် ထုတ် လုပ်သူ ၁၁ဦးကို တရားစွဲဆိုခြင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခေါ်ယူဆွေးနွေးခြင်းများ လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း တရားမ၀င် ထုတ်ယူနေကြသည်များ ရှိကြောင်း ဒေသခံများကပြောသည်။

“ကျွန်တော်တို့အဖျောက်ဒေသ ဧရာဝတီမြစ်က ကျောက်စရစ်တွေ ခိုးစုပ်နေတာတော့ မကြာခဏ ဖမ်းနေတာပဲ၊ မလုပ်ဖို့ကြေညာတာလည်းခဏခဏပဲ၊ ဒါပေမဲ့ခိုးနေကြတာပဲ၊ကျောက်စုပ်လို့ မြစ်ကမ်းပြိုတာ လည်း အေးရွာတစ်ရွာလုံးကုန်ပြီ၊၊ ကျောက်စုပ် ကျောက်ဝယ်တာကို ရေအရင်းနှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တရားဝင်ခွင့်ပြုမိန့် ချပေးထားတာ။ အဖျောက်မြို့မှာ ရှစ်ဦးရှိပါတယ်၊ ဒီလူတွေကခိုးစုပ်တဲ့ကျောက်တွေကိုဝယ်နေတာပါ။ ဒီတော့ခိုးနေကြ ဦးမှပဲ၊ ကျောက်ခိုးမှုကင်းစေချင်ရင် ဒီလူတွေကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုင်စင်ထုတ်မပေး ရင်ပိုကောင်းပါလိမ့်မယ်”လို့ ဒေသခံတစ်ဦးကပြော သည်။                            ထွန်းလှိုင် (မြိုင်)

Date: 
Tuesday, January 30, 2018